စက်တင်ဘာလ ၆ရက် ၂၀၁၁က အဖြစ်အပျက်လေးတစ်ခုပါ။ ကျွန်မရဲ့ ရုံးက ရန်ကုန်မြို့ လပြည့်ဝန်းပလာဇာမှာရှိပါတယ်။ မနေ့ညနေ ၆း၃၀မိနစ်မှာ ကျွန်မရုံးဆင်းခဲ့ပါတယ်။ ဓါတ်လှေခါးစီးနေရင်းကနေ မီးပျက်သလိုဖြစ်ပြီး ဓါတ်လှေခါးရပ်သွားပါတယ်။ ဓါတ်လှေခါးထဲမှာတော့ ကျွန်မနဲ့ ကျွန်မအစ်မ နှစ်ယောက်ထဲပါပါတယ်။
ကျွန်မတို့ ညီအစ်မနှစ်ယောက်လုံး မီးပျက် တယ်ထင်ပြီး စောင့်နေခဲ့ပါတယ်။ သို့သော်လည်း ၂မိနစ်လောက်ကြာတဲ့အထိ ဓါတ်လှေခါးက ပြန်မကောင်းလာတဲ့အတွက် အရေးပေါ်ခလုပ်ကို နှိပ်ခဲ့ပါတယ်။ ဘာသံမှ မမည်ပါ။ အဲဒါနဲ့ တံခါးကို အသံမြည်အောင် ထုပြီး အထဲမှာ လူရှိကြောင်း ပြောတဲ့အခါ ၇မိနစ်လောက်ကြာမှ လုပ်နေတယ် ခနစောင့်ဆိုတဲ့ အသံတစ်ခုကို ကြားရပြီးနောက် အသံတိတ်သွားပါတယ်။
ကျွန်မတို့လည်း ၁၀မိနစ်လောက်ကြာလာတော့ စိုးရိမ်လာတာနဲ့ လပြည့်ဝန်းပလာဇာ ပိုင်ရှင် ဦးသိန်းရွှေဆီကို တိုက်ရိုက်ဆက်သွယ်ပြီး မည်သူတစ်ဦး တစ်ယောက်မှ လာမကယ်ကြောင်း၊ ကျွန်မတို့ကို ကူညီရန် ပြောပါတယ်။ ဦးသိန်းရွှေက ရုံးခန်းကို ဖုန်းလှမ်းဆက်ပြီး အကြောင်းကြားပေးမယ်။ ပြီးလျှင်ပြန်ဆက်ပေးပါမယ့်ဟု ကျွန်မတို့ကို ပြောပါတယ်။ ဖြစ်ပြီး ၁၅မိနစ်လောက်ကြာတော့ ဦးသိန်းရွှေဆီက ဖုန်းလာပါတယ်။ ရုံးဖုန်းက မအားဖြစ် နေတဲ့အတွက် သူကိုယ်တိုင်လာမည်ဖြစ်ကြောင်းဖုန်းပြန်ဆက်ပါတယ်။ သူနေတဲ့ ၇မိုင်ကနေ လပြည့်ဝန်းကို လာမည်ဆိုလျှင် နောက်ထပ် ၄၅မိနစ်ကြာထပ်စောင့်ရပါမည်။ ဓါတ်လှေခါးထဲတွင် နောက်ထပ် ၄၅မိနစ်တာ အောက်စီဂျင် ရှိနိုင်ပါ့မလားလို့ ကျွန်မတို့အတွေးဝင်သွားပြီး တစ်ယောက်က တံခါးကို ထပ်ထုပြီး တစ်ယောက်က အရေးပေါ်ဌာနကို ဖုန်းဆက်ပြီး ကယ်ဆယ်ရန် ပြောပါတယ်။ ည ၇နာရီမှာ တံခါးပွင့်လာပါတယ်။ တံခါးပွင့်လာတဲ့အချိန်မှာတော့ လိမ္မော်ရောင်ဝတ်ထားတဲ့ မီးသတ်တပ်ဖွဲဝင် နှစ်ယောက်၊ နက်ပြာရောင် ယူနီဖောင်းနဲ့ နှစ်ပွင့် တစ်ယောက်အပါအ၀င် အရပ်ဝတ်နှင့် တစ်ယောက်ကို အပေါက်ဝမှာ တွေ့ရပါတယ်။ ဓါတ်လှေခါးနဲ့ ၄လွှာရဲ့ ကြမ်းပြင်ဟာ တစ်တောင်လောက်ကွာနေပါတယ်။ ကျွန်မတို့လည်း ခုန်ဆင်းခဲ့ပါတယ်။ ၄လွှာရဲ့ လှေခါးနားမှာတော့ လပြည့်ဝန်းရဲ့ လုံခြုံရေးဝန်ထမ်း တစ်ဦးကိုသာတွေ့ရြ့ပီး ကျွန်မတို့အပေါ် ဂရုဏာသက်မှု၊ တာဝန်သိတတ်မှု ဆိုတာ လုံးဝကို လပြည့်ဝန်းရဲ့ ၀န်ထမ်းတွေဆီက မရခဲ့ပါဘူး။ မီးသတ်တပ်ဖွဲ့မှ သက်ဆိုင်ရာ တာဝန်ရှိသူများရဲ့ မေးမြန်းမှုကို ဖြေကြားပြီး ပြန်ခဲ့ပါတယ်။ ည၈နာရီလောက်မှာတော့ လပြည့်ဝန်းပိုင်ရှင်ထံမှ ဖုန်းဆက်လာပြီး `ဘရိတ်ကာလေး´ ကျသွားလို့ ဓါတ်လှေပျက်သွားတာပါလို့သာ ဖုန်းဆက်ပါတယ်။ လူ့ဘ၀ဆိုတာရခဲလှပါတယ်။ အခုလို ရခဲလှတဲ့ လူ့ဘ၀က လူတွေရဲ့အသက်ကို တန်ဖိုးထားသင့်ပါတယ် ဆိုတာကို သိစေလိုပါတယ်။ တာဝန်မဲ့မှု၊ ကိုယ်ချင်းစာတရား ကင်းမဲ့မှုမျိုးတွေ ကွယ်ပျောက်ပါစေလို့ ဆုတောင်းပါတယ်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.